Sunday 10 December 2017

( မိဂဒါဝုန်တောမှ ဆည်းလည်းသံ )




သူတော်ကောင်း ပုဂ္ဂိုလ် များသည် မိမိတို့ သိထား သော တရားကို ဟောပြော ရာ၌ ထင်ရှားကျော်ကြားလိုခြင်း၊ ပစ္စည်း ဥစ္စာရရှိလိုခြင်း၊ အခြွေအရံပေါများလိုခြင်း စသော အလိုဆိုးမျိုးနှင့် ဟောကြားခြင်း ပြုလေ့မရှိ။ တရားနာသော ပုဂ္ဂိုလ်များ ချမ်းသာမှု ကို ရစေလိုသော မေတ္တာသက်သက် နှင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာသူများ ဆင်းရဲမှုမှ လွတ်စေလို သော ကရုဏာ သက်သက်နှင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာသူများ၏ ကုသိုလ်တရားများ ကို နှစ်လိုသော မုဒိတာ ဖြင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာသူများအပေါ် မငြိတွယ် မချည်နှောင် သော ဥပေက္ခာဖြင့် သာ ဟောကြားလေ့ ရှိသည်။ ဤကဲ့သို့သော အလိုဆိုး ကင်းတော်မူကြသော သူတော်ကောင်း များနှင့် ပေါင်းဖက် ရ၍လည်း အိုတတ်၊ နာတတ်၊ သေတတ် သော၊ တွေဝေ တတ်သော၊ မှားယွင်းစွာ ကျင့်တတ်သော သတ္တ၀ါများ သည် မအို မနာ မသေရာ မြတ်သော နိဗ္ဗာန် သို့ မျက်မှောက် ပြုနိုင်သည် အထိ ပညာဥာဏ် များ ရင့်ကျက် မြင့်တက် လာနိုင်ခြင်း ဖြစ်သည်။


မဟာသက္ကရာဇ် (၁၀၃) ၀ါဆိုလပြည့်နေ့ က ဖြစ်ခဲ့၏။ ခရီးရှည်ကို ကြွလှမ်းလာသော မြတ်ဘုရား သည် ဖန်ရည်ဆိုးသော သင်္ကန်းကို ရုံလျက်ပင် မိဂဒါဝုန် တောသို့ ၀င်တော် မူ၏။ ကိလေသာကင်းသဖြင့် အေးချမ်းတင့်တယ် သော မြတ်ဘုရား ကို အဘယ်သူ မကြည်ညို ပဲ နေနိုင်အံ့နည်း။ ခရီးဦးကြိုမပြုရန် တိုင်ပင်ထားသော ပဉ္စ၀ဂ္ဂီငါးပါးသည်ပင် ကတိကိုဖျက်၍ ခရီးဦးကြို ပြုကြရ၏။ ရှိခိုးပူဇော် ကြရ၏။ ပြုစုနှုတ်ဆက် ကြရ၏။

ဆည်းဆာချိန် ဖြစ်၏။ နေမင်းသည် ၀င်လုဝင်ခင်။ လမင်းသည် ပြူစတစ်စ။ သူတော်ကောင်း ဓာတ်ကြောင့် မိဂဒါဝုန်သည် အေးမြ ရွှင်ပျနေ၏။ တော၏ ဆိတ်ငြိမ်ခြင်း တွင် သူတော်ကောင်း ဓာတ် ထပ်ပေါင်း၍ နှစ်လိုဖွယ် သဘောကို ဆောင်နေ၏။

မြတ်ဘုရားသည် ပဉ္စ၀ဂ္ဂီငါးပါးတို့ ရှေ့ဝယ် ထက်ဝယ်ဖွဲ့ ခွေ၍ ဘိက္ခဝေ(ရဟန်းတို့) ဟုခေါ်ဝေါ် နှုတ်ဆက်တော်မူ၏။ ဤကား တရားဆည်းလည်း၏ အစတည်း။

ပဉ္စ၀ဂ္ဂီ တို့ကား သီလ စင်ကြယ်ပြီး သူတည်း။ သဒ္ဓါ ဆန္ဒ ၀ီရိယ ပြည့်စုံပြီးသူ များတည်း။ သို့ဖြစ်၍ မြတ်ဘုရား၏ တရား ဆည်းလည်း လှုပ်တိုင်း လှုပ်တိုင်း ပဉ္စ၀ဂ္ဂီ တို့၏ ဓမ္မအမြင် သည် တိုး၍တိုး၍ လာချေ၏။

ရှေးဦးစွာ (ပဉ္စ၀ဂ္ဂီ တို့သည်) ဇာတိ ဇရာ မရဏ သည် လည်းကောင်း၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း သည် လည်းကောင်း၊ ခန္ဓာငါးပါး သည် လည်းကောင်း ဒုက္ခသစ္စာ ဟူ၍ (တရားတော် ကို) ကြားနာခြင်း အားဖြင့် လည်းကောင်း (မိမိတို့ ကိုယ်တိုင် ဆက်လက်၍) တွေးခေါ်ခြင်း အားဖြင့် လည်းကောင်း သိရှိ လက်ခံ ကြ၏။ ဒုက္ခသစ္စာ ၏ အကြောင်းကား ဘ၀ကို လိုချင်သော တဏှာ၊ ရပြီးသား ဘ၀ကို တည်မြဲ စေလိုသော တဏှာ၊ ရပြီးသား ဘ၀ကို မကျေနပ် မနှစ်ရှိုက်ဘဲ အသစ် အသစ် ကို မျှော်လင့်သော တဏှာ များသာတည်း ဟူ၍ ကြားနာခြင်း အားဖြင့် လည်းကောင်း၊ တွေးခေါ်ခြင်း အားဖြင့် လည်းကောင်း သိရှိ လက်ခံ ကြ၏။

ဤ တဏှာ၏ အကြွင်းမဲ့ ချုပ်ဆုံးခြင်း သည်ပင်လျင် နိရောဓသစ္စာ တည်းဟူ၍လည်း ကြားနာခြင်း အားဖြင့်လည်းကောင်း၊ တွေးခေါ်ခြင်း အားဖြင့်လည်းကောင်း သိရှိ လက်ခံ ကြ၏။ သမုဒယကို ပယ်နိုင်ရန်အတွက် မိမိတို့ခန္ဓာရှိ ဖြစ်ခိုက် ရုပ်နာမ် များကို အင်္ဂါ ရှစ်ပါး ရှိသော မဂ္ဂင်ဇောဖြင့် ရှုမှတ်ရမည် ဟူ၍လည်း ကြားနာခြင်း အားဖြင့် လည်းကောင်း၊ တွေးခေါ်ခြင်းအား ဖြင့် လည်းကောင်း သိရှိလက်ခံ လာကြသည်။

မြတ်ဘုရားက တရားစင်္ကြာကို ဆက်လက်၍ လှည့်တော်မူ၏။ တရားဆည်းလည်း ကို ဆက်လက်၍ လှုပ်ခတ်တော်မူ၏။ ပဉ္စ၀ဂ္ဂီတို့က ခန္ဓာ ဥာဏ်စိုက် ၍ ဆက်လက်ခံယူနေကြ၏။

ထိုအခါ ဤသို့ တွေ့ကြ ရ၏။( မျက်စိနှင့် အဆင်း တိုက်မိသောအခါ မြင်သိမှု ဖြစ်၏။ ထိုမြင်သိမှုတွင် မျက်စိသည်ကား ရူပက္ခန္ဓာတည်း။ မြင်၍လှမလှ ခံစားမှု သဘော သည်ကား ဝေဒနာက္ခန္ဓာ တည်း။ မြင်၍ မှတ်သားမှု သဘော သည်ကား သညာက္ခန္ဓာ တည်း။ မြင်သိမှု ပြီးအောင် ကြောင့်ကြ စိုက်၍ နှလုံးသွင်းမှု သည်ကား သင်္ခါရက္ခန္ဓာ တည်း။ မြင်သိရုံမျှ သဘောလေး သည်ကား ၀ိဥာဏက္ခန္ဓာ တည်း။)

အကယ် စင်စစ် မိမိတို့၏ ခန္ဓာတွင် ဤ အပေါင်း အစု ငါးပါးသာ ရှိ၏။ မိမိတို့၏ ဘ၀သည်ကား ခန္ဓာ ငါးပါး၏ အစု အဝေး မျှသာတည်း။ အတ္တသည် ထင်ရှားမရှိ။ ဤ ခန္ဓာငါးပါးကို စွဲလန်း ခြင်းကြောင့် ထွက်ပေါ်လာသော အထင်မှားမှု သာတည်း။ အတ္တ သည် အရှိတရား မဟုတ်။ အဖြစ်တရား သာတည်း။

ကြားသိမှူ၊ှု နံသိမှု၊ စားသိမှု၊ ထိသိမှု၊ ကြံတွေးမှု တို့၌လည်း အလားတူ ဖြစ်ကြောင်း တွေ့ရှိ ရလေ၏။ ဤသို့ တွေ့ရှိမှုကား ကြားနာခြင်း၊ တွေးတောခြင်း နှင့် မိမိ တို့ ခန္ဓာကိုယ်ကို မဂ္ဂင်ရှစ်ပါးနှင့် စောင့်ကြည့်ခြင်းမှ ထွက်ပေါ် လာသော ပညာတည်း။

မြတ်ဘုရားက တရားကို ဆက်၏။ ပဉ္စ၀ဂ္ဂီတို့ ကလည်း ခန္ဓာဥာဏ် စိုက်၍ ဆက်လက် နာယူ ကြ၏။

ပဉ္စ၀ဂ္ဂီ ငါးပါးသည် မိမိတို့ ခန္ဓာကို ပိုမို အသေးစိတ် ၍ မြင်လာရသည်။ ထိုအခါ မြင်သိခိုက် ၌ မရှုမှတ် နိုင်လျင် "ငါက မြင်ရတာပဲ၊ ငါ မြင်ရတာ ပုဂ္ဂိုလ် သတ္တ၀ါ ပဲ" ဟု စွဲလန်း တတ်သော "တဏှာ၊ ဥပါဒါန်" ၏ သဘော ကိုပါ သိမြင် လာရသည်။ ထို့အတူ ကြားသိခိုက် ၌ မရှုမှတ် နိုင်လျင် လည်းကောင်း၊ နံသိခိုက်၊ စားသိခိုက်၊ ထိသိခိုက်၊ ကြံသိခိုက် ၌ မရှုမှတ် နိုင်လျင် လည်းကောင်း "ငါက ကြားသည်၊ နံသည်၊ စားသည်၊ ထိသိသည်၊ ကြံစည်သည်" ဟု စွဲလန်း တတ်သည်ကို တွေ့ရ၏။ စွဲလန်းမှု ကြောင့် ကုသိုလ် အကုသိုလ် ကို ဖြစ်စေသော ဇော စေတနာ(ကံ)တွေ ဖြစ်ပေါ် လာကြောင်း တွေ့ရ၏။

မြင်တိုင်း ကြားတိုင်း ၌ ရှုမှတ်လျင် ထိုသို့ စွဲလန်းမှု ကင်းသည်ကို တွေ့ရသည်။ ကုသိုလ် အကုသိုလ်ဇော များအစား ၀ိပဿနာဇောစိတ် များသာ ဖြစ်နေကြောင်း တွေ့ရသည်။ ခန္ဓာ ငါးပါးသည် မြဲသော တရားမဟုတ်၊ မမြဲသော တရားသာ ဖြစ်သည်ဟု အမှန်အတိုင်း သိ၏။ မမြဲသဖြင့် ဆင်းရဲသောတရား ဖြစ်သည်ဟု အမှန်အတိုင်း သိ၏။( ခန္ဓာငါးပါး သည် အတ္တမဟုတ် အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ် လာသော သဘော တရား များမျှသာ တည်း ဟူ၍ အမှန်အတိုင်း သိ၏)။ မမြဲ၊ ဆင်းရဲ၊ အတ္တ မဟုတ်သော တရားများ သာလျင် ဖြစ်သဖြင့် ဒုက္ခသစ္စာသာတည်း ဟုလည်း အမှန်အတိုင်း သိ၏။

ဤသို့ ကိုယ်ပိုင်ဥာဏ်ဖြင့် အကဲခတ် ရှုမှတ်နေစဉ် တွင် မြတ်ဘုရားက မဂ္ဂသစ္စာကို ဟောတော်မူ၏။

ပဉ္စ၀ဂ္ဂီ ငါးပါးသည် မိမိတို့ ရှုမှတ်နေ သော ၀ိပဿနာ ကို မြတ်ဘုရား၏ အထိန်း တရားနှင့် ချိန်ညှိခွင့် ရ၏။ ထိုအခါ မိမိတို့သန္တန်၌ "ဤသို့သော တရားများ ကို တွေ့ရပြီး ဤသို့သော တရားများကို ထပ်မံ ဖြည့်စွက် အပ်၏။ ဤသို့သော တရားများကို ထိန်းသိမ်း အပ်၏" ဟူ၍ ညှိနှိုင်း ကြကုန်၏။

မြင်သိ စသည်တိုင်း၌ ကြောင့်ကြ စိုက်၍ ရှုမှတ် ရသည်ကား သမ္မာ ၀ါယာမ တည်း။ မြင်သိ စသော အာရုံ၌ ကပ်လျက် တည် သည်ကား သမ္မာသမာဓိ တည်း။ မြင်သိ စသည်ကို မလွတ်တမ်း ရှုမှတ်နိုင်အောင် ထိန်းသိမ်း ပေးရသည်ကား သမာသတိ တည်း။ မြင်သိစသည်ကို ဒုက္ခသစ္စာ ဟု အမှန်အတိုင်း သိမြင်သည်ကား သမ္မာဒိဋ္ဌိတည်း။ ထိုသို့ အမှန်အတိုင်း မြင်အောင် ညွှတ်ပေးခြင်း သည်ကား သမ္မာသင်္ကပ္ပ တည်း ဟူ၍ မိမိတို့ သန္တန်ရှိ ၀ိပဿနာ ဥာဏ်များ ကို သိလည်း သိကြ ကုန်၏။ ညှိလည်း ညှိကြ ကုန်၏။

ဤသို့ ရှုမှတ်ဆဲ ခဏ ၌ ပဉ္စ၀ဂ္ဂီငါးပါး တို့တွင် မိစ္ဆာဝါစာ သည် လည်းကောင်း၊ မိစ္ဆာအာဇီဝ သည် လည်းကောင်း၊ မိစ္ဆာကမ္မန္တ သည် လည်းကောင်း ဖြစ်ခွင့် မရသဖြင့် သမ္မာဝါစာ၊ သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ မဂ္ဂင်တို့သာ ဖြစ်ပေါ်ခွင့် ရနေချေ၏။

ဤသို့ အားဖြင့် မဂ္ဂင်ရှစ်ပါး စုံလင်သည်ကို တွေ့ရ၏။

ဤသို့ ဖြစ်ပေါ် နေသော ၀ိပဿနာ မဂ္ဂင်ကို အကြိမ်ကြိမ် ပွားများ စေသဖြင့် ဥာဏ်များ အဆင့်ဆင့် ရင့်ကျက် မြင့်တက် လာချေ၏။ ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများ နေခြင်း သည်သာ ဘ၀ကို အကျိုးရှိစွာ အသုံးချခြင်း မည်ကြောင်းလည်း သိရှိ လာရပေ၏။ ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများခြင်းသည်သာ ချမ်းသာစစ်ကို ရှာဖွေနေခြင်း မည်ကြောင်း လည်း သိရှိ လာရ ပေ၏။

ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများ သဖြင့် မကြာမီ ပင် ကောဏ္ဍည မထေရ် မြတ်နှင့် နတ်ဗြဟ္မာ ကုဋ္ဋေကုဋ္ဋာ တို့သည် နိဗ္ဗာန်ကို မျက်မှောက် ပြုရတော့မည်လည်း ဖြစ်၏။ မကြာမီ ကျန်ရှိ နေသော ပဉ္စ၀ဂ္ဂီများနှင့် ပါရမီ ရင့်ကျက်သော နတ်ဗြဟ္မာ များသည်လည်း နောက်နောက် ရက်များ၌ နိဗ္ဗာန်ကို မျက်မှောက် ပြုတော့မည် ဖြစ်သည်။ ပါရမီ မပြည့်ဝ သေးသော နတ်ဗြဟ္မာများ သည်လည်း ပါရမီ ကုသိုလ်များ ဖြစ်ခွင့် ရလျှက် အကြင် ဘ၀ တစ်ခုခု၌ နိဗ္ဗာန်ကို မျက်မှောက် ပြုရ တော့မည် ဖြစ်၏။

"ရဟန်းတို့..စိတ်အလိုကျ လွှတ်ထားသော ကာမသုခလ္လိကာ နုယောဂါလမ်း ကို လည်းကောင်း၊ ပင်ပန်းရုံမျှ ဖြစ်သော ကိုယ်နှင့် စိတ်ကို ညှဉ်းဆဲရုံမျှ ဖြစ်သော အတ္တကိလမထာ နုယောဂါလမ်း ကို လည်းကောင်း ပယ်ကြ လော့။ ခန္ဓာငါးပါးကား ဒုက္ခသစ္စာ တည်း။ တဏှာကား သမုဒယသစ္စာ တည်း။ တဏှာ ချုပ်ငြိမ်းခြင်းကား နိရောဓသစ္စာ တည်း။ တဏှာ ချုပ်ငြိမ်း စေသော လမ်းကား မဂ္ဂသစ္စာ တည်း။"

မိဂဒါဝုန်မှ ဆည်းလည်း သံသည် တငြိမ့်ငြိမ့် ဆက်လက် ထွက်ပေါ် နေ၏။ ထို မိဂဒါဝုန် တော၌ကား သူတော်ကောင်း တစ်စုသည် ဘ၀ အဆက်ဆက် စိုးမိုး လာခဲ့သော တဏှာ လက်သည် ကို ဆန့်ကျင်၍ မြင့်မားသော သစ္စာလေးပါး ကို သိခြင်း ဥာဏ်(သစ္စဥာဏ်)၊ သိသော သစ္စာအတိုင်း တဏှာကို ပယ်စေခြင်း ဥာဏ်(ကိစ္စဥာဏ်)၊ တဏှာကို ပယ်စေပြီး၍ မဂ်ဥာဏ်ကို ဖြစ်စေပြီး နောက် ဆင်ခြင်သော ဥာဏ်( ကတဥာဏ်)တည်းဟူသော ဥာဏ်ရေ အဟုန်တို့ကို တသွင်သွင် စီးဆင်း နေစေ၏။

ဤ ဆည်းလည်းသံ သည်ကား အဆိုပါ သူတော်ကောင်း များ အတွက် ဘ၀ ကုဋ္ဋေ ကုဋ္ဋာ စောင့်ဆိုင်း ပြီးမှ ကြားနာ ရသော အတုမရှိ မြင့်မြတ် တန်ဖိုး ကြီးမား လှသည့် ဓမ္မစင်္ကြာ ဆည်းလည်းသံ ပင် ဖြစ်ပါတော့ သတည်း။

ကျမ်းကိုး
ဓမ္မစင်္ကြာတရားတော်- မဟာစည်ဆရာတော်
ဘ၀အကျဉ်းသား-ဦးရွှေအောင်

>>>ဆက်ဖတ်ရန်>>> >>

Tuesday 26 July 2016

( ၂၂၇ သွယ်သော ၀ိနည်း )


လူဝတ်ကြောင်များလေ့လာနိုင်ရန်တင်ပေးလိုက်ပါတယ်။
ဝိနယ - ၀ိနည်း
ဝိနယော နာမ ဗုဒ္ဓ သာသနဿ အာယု
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
၁။ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
၂။လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး
၁။ပါရာဇိက အာပတ်(ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။သံဃာဒိသိသ်အာပတ်(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုး
၃။ထုလ္လစ္စဉ်းအာပတ်(ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး

၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀

ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
(( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ))

သံဃာဒိသိသ် ၁၃ ပါး
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကျောင်းကို ဆောက်မှု)
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)

(( အာပတ်ဖြေရုံဖြင့် မပြေပျောက်)
ရဟန်း အချင်းချင်း ဒေသနာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀န်ခံလျှင်
ပြေပျောက်နိုင်သော အပြစ်များ
၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၁၉။ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀(စွန့်ပြစ်ရမည်)

(စီဝရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် ((ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)

(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)

(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)

၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး (ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ် (မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)

(ဘူတဂါမ၀ါဂ်)
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)

(ဘိက္ခုနောဝါဒ၀ဂ်)
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု။

(ဘောဇန၀ဂ်)
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန် တိုက်တွန်းမှု)
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
(အစေလက၀ဂ်)
၉၀။ အစေလက သိက္ခာပုဒ် ( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
(သုရာပါန၀ဂ်)
၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
(သပ္ပါဏက၀ဂ်)
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
(သဟဓမ္မိက၀ဂ်)
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)

ရတန၀င်္ဂ ရာဇ၀ဂ်
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ် (အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ် (ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)

ဥဇ္ဖ ဂ္လိက၀ဂ်
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)

ခမ္ဘကတ၀ဂ်
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
၂၂၇ သွယ်ဝိနည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

သက္ကစ္စ၀ဂ်
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
(သုရုသုရုဝဂ်)
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
၂၀၁။ သသိတ္ထက သိက္ခာပုဒ် (ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ် (ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ် (ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ် (ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
အဓိကရဏ သမထ ၇ ပါး
ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
၂၂၁။ သမ္မုခါဝိနယသမထ
၂၂၂။ သတိဝိနယသမထ
၂၂၃။ အမူဠ၀ိနယသမထ
၂၂၄။ ပဋိညာတကရဏသမထ
၂၂၅။ ယေဘုယျသိကာသမထ
၂၂၆။ တဿပါပိယသိကသမထ
၂၂၇။ တိဏ၀တ္ထာရကသမထ။

သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀ သိလိုပါက အကျယ်စာအုပ်တွင်ဖတ်ကြပါရန်။
၂၂၇ သွယ်ဝိနည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>